Sunday, September 17, 2023

မြန်မာ့ ဟလာလ် လောကအခြအနေ

 မြန်မာ့ ဟလာလ် လောကအခြအနေ

အစ္စလာမ် သာသနာဟာ ဟလာလ်အစားအစာကို ပြဋ္ဌာန်းရခြင်းရဲ့ အဓိကအကြောင်းအရင်း နှစ်ချက်ရှိပါတယ်။

ပထမ တစ်ချက်ကတော့ ခပ်သိမ်းကုန်သော သက်ရှိသတ္တဝါတို့ကို ဖန်ဆင်းတော်မူတဲ့ အရှင်ရဲ့ အမိန့်ကို နာခံပြီး မကောင်းမှုအစုစုကနေ ရှောင်ကြဉ်ကာ ကောင်းမှုတွေကို ကျင့်ဆောင်နိုင်ဖို့ဖြစ်တယ်။

ဒုတိယတစ်ချက်ကတော့ အမိန့်နာခံမှုနဲ့အတူ စားသုံးသူတွေရဲ့ ရုပ်ခန္ဓာနဲ့ နာမ်(စိတ်ဝိညာဉ်)ပိုင်းဆိုင်ရာအရ ကိုယ်ကျင့်တရားတွေ ဖွံဖြိုးဖို့၊ ဘေးဥပဒ်ကင်း၊ အဆိပ်အတောက်တွေကင်းစင်ပြီး သန့်ပြန့်စင်ကြယ်တဲ့ အစားအသောက်တွေ စားသုံးကာ ကျမ်းမာ ချမ်းသာစွာနဲ့ ဘဝမှာ နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။

အစ္စလာမ်မှာ သန့်ပြန့်မှုကို အလွန်အလေးအနက်ထားတာ တွေ့ရပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်မှာလည်း-အရှင်မြတ်ဟာ သန့်ပြန့်စင်ကြယ်သူတွေကို ချစ်ခင်နှစ်သက်တော်မူတယ်ဆိုပြီး မိန့်ဆိုထားပါတယ်။(ကုရ်အာန် ၉း၀၈)

အခြားမိန့်ဆိုချက်တစ်ခုမှာ -အသင်တို့ဟာ ငါအရှင်မြတ်ချပေးတဲ့ ရိုဇီရိက္ခာတွေထဲက သန့်ပြန်စင်ကြယ်တာတွေကို စားသုံးကြပါလို့လည်း မိန့်ဆိုထားပါတယ်။(ကုရ်အာန် ၂း၁၇၂)

တမန်တော်မြတ်ကြီးရဲ့ ဩဝါဒတော်တွေကို ကြည့်မယ်ဆိုရင်လည်း သန့်ပြန်မှုဟာ အီမာန်ယုံကြည်မှုရဲ့ ထက်ဝက်ဖြစ်တယ် စသဖြင့် ရှုထောင့်မျိုးစုံကနေ ရှင်းပြလမ်းညွှန်ထားတာကို တွေ့ရပါတယ်။
သန့်ပြန့်စင်ကြယ်ရမယ်လို့ ဆိုရာမှာလည်း အစားအစာဟာ မူလကတည်းက ခွင့်ပြုချက်ရှိပြီးသား ဟလာလ်ဖြစ်ရပါမယ်။ တရားဝင်နည်းလမ်းနဲ့ ရှာဖွေထားတဲ့ သမာအာဇီဝ ဖြစ်ရပါမယ်။ လူသားတွေအတွက် ကျမ်းမာရေးကောင်းကျိုးတွေရှိနေရပါမယ်။ "အစာ" သာမဟုတ် "နည်းလမ်း" ပါ ဟလာလ်ဖြစ်ရပြီး သန့်ရှင်းစင်ကြယ်ရပါမယ်။

အဲ့ဒီ့အချက်တွေသာမက ကိုင်တွယ်ပုံ (handling) ၊ ပြင်ဆင်ပုံ (preparation) ၊ ထုတ်လုပ်ပုံ (production)၊
သိုလှောင်ပုံ (storage) ၊ ဖြန့်ချိပုံ (distribution) ၊ ချက်ပြုတ်ပုံ (cooking) ၊ ဝန်ဆောင်မှုပေးပုံ (service) စတဲ့ ကဏ္ဍအသီးသီးမှာ သတ်မှတ်ထားတဲ့အတိုင်း စည်းကမ်းနည်းလမ်းကျကျနဲ့ သမာသမတ်ရှိရှိ ဆောင်ရွက်ဖို့ လမ်းညွှန်ထားပါတယ်။

အဲ့ဒီ့စံချိန်စံနှုန်းတွေအတိုင်း အစားအစာတစ်ခုဖြစ်လာဖိုနဲ့ အဲ့ဒီ့စံချိန်စံနှုန်းတွေနဲ့ညီတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပေါ်လာဖို့ဆို တာ မဖြစ်နိုင်ပါဘူး ၊ မြန်မာမှာရောရှိလို့လားဆိုပြီး မိတ်ဆွေထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့မွတ်စ်လင်နိုင်ငံတွေနဲ့ ကမ္ဘာ့ ကျမ်းမာရေးကို အလေးထားတဲ့ နိုင်ငံတွေမှာ ဒီစံချိန်စံနှုန်းတွေကို ဟိုးကတည်းက သတ်မှတ်ကျင့်သုံးနေပါပြီ။

ISO 22000 ဆိုတာ ကမ္ဘာ့အစားအစာ ဘေးဥပဒ်ကင်းရေးဆိုင်ရာ  နိုင်ငံတကာအဆင့်အတန်း သတ်မှတ်ချက် စံနှုန်းဖြစ်ပါတယ်။ ကမ္ဘာ့တိုင်းပြည်အသီးသီးမှာ Food Standard Agency ရဲ့အဓိကလုပ်ဆောင်ချက်က လူတို့ရဲ့ ဝမ်းတွင်းကို အစားအစာတွေ အန္တရယ်ကင်းစွာ ရောက်ရှိရေး ဖြစ်ပါတယ်။ သူတို့ရဲ့ သတ်မှတ်ချက်တွေကို ကြည့်မယ်ဆိုရင်လည်း အစ္စလာမ်က သတ်မှတ်ထားတဲ့ ဟလာလ်စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲအစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ကလည်း ဟလာလ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက် (The Codex General Guidelines) ကို ၁၉၉၇ ခုနှစ်က ရေးဆွဲပြီး FAO နဲ့ကမ္ဘာ့ကျမ်းမာရေးအဖွဲ့WHO အဖွဲ့ဝင်နိုင်ငံတွေကိုအကြံပြုစာအနေနဲ့ ပေးပိုခဲ့ပါတယ်။ အာဆီယံအသင်းအနေနဲ့လည်း ဟလာလ်အစားအစာနဲ့ အသုံးအဆောင်အရေးပါမှုနဲ့ အလျင်အမြန် လိုအပ်မှုကြောင့် ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလမှာ ဟလာလ်ဆိုင်ရာ လက်စွဲ(Guidelines)ကို ပြုစုကြေညာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ဟလာလ်အစားအစာဆိုင်ရာ အာဆီယံအဖွဲ့(ASEAN Working Group - Halal) ကို ဖွဲ့စည်းခဲ့ပါတယ်။

သိုပေမယ့်လည်း မြန်မာ့ ဟလာလ်စီစစ်ရေးအဖွဲ့တွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေ၊ လူတွေရဲ့ ကျမ်းမာရေးကို မငဲ့ပဲ ဟလာလ်စံချိန်စံနှုန်းတွေကို ချိုးဖောက်နေတဲ့ အတ္တသမားတွေကြောင့် စိုးရိမ်ဖွယ် မြန်မာ့ ဟလာလ် အခြေနေက တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီး ဆိုးလာပါတယ်။ ဟလာလ် တံဆိပ်ကို အလွယ်တကူယူပြီး ဈေးကွက်ထဲက စားသုံးသူတွေဆီ အလွယ်တကူ တိုးဝင်တယ်။

စီစစ်ရေးအဖွဲ့တွေမှာလည်း အစားအစာတွေရဲ့ ပါဝင်ပစ္စည်း၊ ပြင်ထုတ်လုပ်ပုံ၊ ထုတ်လုပ်ဖို့အတွက် သုံးစွဲတဲ့ စက်ပစ္စည်းကိရိယာတွေ၊ ထုတ်ပိုးပုံ၊ ကိုင်တွယ်ပုံ၊ သိုလှောင်ပုံတွေ၊ ဖြန့်ချိပုံတွေကို စနစ်တကျ စစ်ဆေးဆောင်ရွက်တဲ့ ခေတ်မီဟလာလ်စီစစ်ရေး ဓာတ်ခွဲခန်းတစ်ခုလည်း မရှိသေးပါဘူး။

ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ဆန်မှာတောင် ကုန်လှောင်ရုံတွေမှာ သိုလှောင်တဲ့ နည်းပညာ ချို့တဲ့နေမှုကြောင့် ဆန်တွေမှာ မှိုတက်တာတွေ ဖြစ်လာတယ်။ အဆိပ်အတောက် မှိုတွေတက်နေတဲ့ ဆန်ကို လောဘသားတွေက ဗဟုသုတ နည်းပါးပြီး ရိုးသားတဲ့ ပြည်သူတွေကို ဈေးလျှော့ပြီး ရောင်းကြတယ်။ မှိုတက်သွားရင် ဆန်က အရောင်ဝါပြီး မာသွားလေ့ရှိတယ်။ နယ်အချိုမှာဆို တစ်နေကုန်အလုပ်လုပ်ရတော့ အဲဒီဆန်တွေကို အစာခံတယ်ဆိုပြီး လူကြိုက်များတယ်။ တစ်ချိုကတော့ တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြတယ်။ အဓိကတော့ ကြက်တွေကို ကြွေးတာပေါ့။ အဲဒီမှိုတက်ဆန်စားရတဲ့ ကြက်တွေရဲ့ အသည်းမှာ အဆိပ်တွေ ရှိနေပြီး ဒီမှိုအဆိပ်တွေက လူ့ခန္ဓာကိုယ်ထဲကို အဲဒီကြက်အသည်းစားသုံးခြင်းကနေ ဝင်ရောက်ပါတယ်။

အဲ့လိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စားသုံးဆီ အသုံးများပါတယ်။ ပဲဆီ နှမ်းဆီနဲ့ တခြားအဆီတွေ သုံးတဲ့နေရာမှာ ပြည်တွင်းထွက်ဆီတွေနဲ့ မလုံလောက်လို့ ပြည်ပက စားအုံးဆီတွေ တင်သွင်းရတယ်။ ဒါပေမဲ့ လူယုတ်မာ စီးပွားရေးသမားတစ်ချို့က ဆီတွေခဲသွားရင် အရည်ပြန်ပျော်အောင်လို့ ဆပ်ပြာမှုန့်တွေ ရောထည့်တာတွေလည်း ကြားသိရတယ်။ အဲဒီဆပ်ပြာမှုန့်တွေက အစာအိမ်ကနေတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့ပြီး အစာအိမ်ပေါက်တာ၊ သွေးဖိအားကျတာ၊ ကိုယ်တွင်းအင်္ဂါတွေပျက်စီးတာတွေ ဖြစ်နိုင်တယ်။

ပြီးရင်ကျနော်တို့စားနေကျ  ကိတ်မုန့်၊ ကွတ်ကီး၊ ခရက်ကာ၊ ခရင်မ်တွေ ပြောင်းဖူးပေါက်ပေါက်တွေ ဆီကြော် တွေ အသင့်စားမုန့်မှုန့်တွေမှာ သုံးတဲ့ ဆီအများစုကလည်း ကမ္ဘာ့ကျမ်းမာရေး ဝန်ကြီးဌာနတွေက ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ အဆိုးဆုံးဆီတစ်မျိုးဖြစ်တဲ့ Trans Fat ဆီတွေကိုသုံးပြီးထုတ်လုပ်တာ။
Trans Fat ဆိုတာကတော့ မြန်မာလို နားလည်လွယ်အောင် ပြောရရင် အသွင်ပြောင်းဆီတစ်မျိုးပေါ့။ သူ့ကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ပြီး အခန်းအပူချိန်မှာတောင် အခဲအဖြစ် ရှိနေနိုင်အောင် ထုတ်လုပ်ပါတယ်။ အချို့အစားအစာတွေမှာ အဲဒီအဆီတွေကို သက်တမ်းကြာကြာခံအောင် ထည့်သွင်းအသုံးပြုတယ်။ စားသောက်ဆိုင်တွေမှာဆို ဆီခဏခဏပြန်လဲစရာ မလိုအောင် Trans Fat တွေကို ပြန်ကြော်ဆီအဖြစ် သုံးတယ်။ ကျွန်တော်တို့မနက်တိုင်း ခံတွင်းတွေ့တွေ့စားနေတဲ့ အီကြာကွေးတို့ ပလာတာတို့ ခါဂျာမုန့်တို့ ဘီးမုန့်တို့ကို ဆိုင်ကဝန်းထမ်းတွေ ကြော်ကြော်နေတဲ့ အင်ဂျင်ဝိုင်ပုံစံ ဆီမဲမဲတွေဆို ဘယ်နှခေါက်များ အထပ်ထပ် ပြန်ကြော်ထားလဲ မသိဘူး။

အဲဒီ Trans Fat တွေကို Trans Fatty Acid လိုလည်း ခေါ်သေးတယ်။ အဲဒီဆီတွေက ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရောလ်တွေကို နည်းသွားစေပြီး LDL ဆိုတဲ့ မကောင်းတဲ့ ကိုလက်စထရောလ်တွေကို များလာစေတယ်။ LDL များတဲ့သူက နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဆိုးတွေ ခံစားရနိုင်ချေ ပိုများလာတယ်လို့ မကြားသေးမီက ဖြိုးဝေယံရေးသားပြီး ဒေါက်တာ ကေဇင်သွယ်တည်းဖြတ်တဲ့ "အသွင်ပြောင်းဆီကို ရှောင်ရှားခြင်း" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။

အဲ့လိုပဲ မလေးရှားက တင်သွင်းတဲ့ ဆီတွေမှာ ဝက်ဆီတွေရောပြီး ကျမ်းမာရေးကို ထိခိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ရှင်းလင်းချက်ကိုလည်း စာအုပ်တစ်အုပ်မှာ ကိုးကားထားတာ ဖတ်လိုက်ရတယ်။ အဲဒီဆီတွေဟာ မလေးကလာတုန်းက ဟလာလ်အသန့်ဖြစ်ပေမဲ့ ထုတ်ပိုးမှုစီစစ်ရေးတွေရဲ့အားနည်းမှုကြောင့် မြန်မာမှာ ပြန်ထုတ်ပိုးတဲ့အခါ ဝက်ဆီတွေရောကြတာ ဖြစ်တယ်။

ဒါ့အပြင် နေ့စဉ် ဝက်သားလက္ကားဖြန့်ဖြူးနေသူတွေက ဖောက်သည်တွေကို အဆီဖြတ်ပေးတာ ဗိုက်ပျော့ဆီတွေခွာပေးတာ အူထဲကအဆီတွေ စုပ်ထုတ်ပေးပြီး ဝက်ဆီချက်သူတွေက ဝယ်ပြီး အဆီချက်ကြပါတယ်။ အဲဒီဆီရည်တွေကို တိုက်ရိုက်ဖြန့်တာမဟုတ်ပဲ အဝယ်ဒိုင်တွေကိုရောင်းကြတယ်။ ဝက်ဆီဈေးက စားအုံးဆီထက် အများကြီးဈေးသက်သာတော့ ဆီစက်တစ်ချို့ကလည်း ဝက်ဆီတွေဝယ်ပြီး ပဲဆီနဲ့ရောရောင်းတာတွေ သိရှိရတယ်။ မွတ်စ်လင်မဟုတ်သူတွေအဲဒီဆီတွေကို စားမိရင် ကျန်းမာရေးအတွက် ဘေးအန္တရယ်ရှိပြီး မွတ်စ်လင်မ်တွေအတွက်က ဘေးဥပဒ်ရှိရုံမက နာမ်ပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာနဲ့  နာခံမှုပိုင်းဆိုင်ရာတွေမှာပါ ထိခိုက်ပါတယ်။  

ပြီးရင် တချို့ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းအလုပ်သမားတွေ ရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်ပြီး  ကြပ်မတ်မှုအလွန်အားနည်းတာကိုလည်း တွေ့ရပါတယ်။ မွတ်စ်လင်မ်ဆိုင် ဟလာလ်ဆိုင်တွေပါပဲ။ သူတို့ဆိုင်က ကြက်ကို ဘယ်ဟလာလ်ဆိုင်က ယူပါတယ်။ ဘယ်သူ့ထောက်ခံချက် ဘာညာ ကပ်ထားတယ်။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းတွေကတော့ ညစ်ပတ်ပေရေနေတာပဲ။ စာရေးသူကျွန်တော် ကိုယ်တိုင်မြင်ခဲ့ရတယ်။ တစ်ရက်မှာ ညအိပ်မပျော်လို့ မနက်အစောကြီး ၃ နာရီခွဲ ၄ နာရီလောက် ပျင်းလာတယ်နဲ့ လက်ဖက်ရည်သွားသောက်မယ်ဆိုပြီး အိမ်ကနေထွက်သွားတယ်။ ဆိုင်ကဖွင့်တုန်း ခုံတွေချတုန်း လက်ဖက်ရည်နှပ်တုန်း ဂျုံထိုးတုန်းပဲရှိသေးတယ်။ ဗလီမှာဝတ်ပြုပြီးလာတဲ့သူတွေကို အဆင်သင့်ရောင်းနိုင်အောင်ပေါ့။ ဆိုင်အဝရောက်ရောက်ချင်း အင်္ကျီကျွတ် ဘောင်းဘီတိုနဲ့လူတစ်ယောက် စတီးခုံပေါ်မှာ ဂျုံထိုးနေတယ်။ သူ့ပုံစံက အိပ်ရာကထပြီး ဘယ်လိုမှ ရေချိုးထားပုံမပေါ်ဘူး။ မျက်နာတောင်သစ်ထားပုံမပေါ်ဘူး။ မျက်လုံးမှာ မျက်ချေးတွေနဲ့ တစ်ကိုယ်လုံးလည်း အဆီဝင်းဝင်းနဲ့ ဂျုံထိုးနေတာ။ ထိုးနေရင်းနဲ့ ဆီလိုလို ဘေးနားက မဲပြီးချေးတွေတက် နေတဲ့ ဆီဂါလံပုံးကြီးကို သွားသယ်ပြီး မယူလာတယ်။ အဲဒီလက်ကိုင်မဲမဲကို ကိုင်ပြီးဆီထည့်တယ်။ ပြီးတော့ ဘာမှဆေးတာတွေဘာတွေမလုပ်ပဲ ဂျုံဆက်ထိုးတယ်။ ကိုင်တွယ်ပြင်ဆင်ပုံ ကြီးကြပ်မဲ့သူမရှိဘူး။ ဒီတော့ဝန်းထမ်းတွေလည်း အဆင်ပြေသလိုလုပ်တယ်။ အဲ့လောက်မနက်အစောကြီးဆိုတော့ မန်နေဂျာတောင် သူ့ကိုယ်သူမနိုင် မူးတူးတူးနဲ့။ တခြားသူတွေလည်း ကိုယ့်လက်သန့်ရှင်းရေးလုပ်ဖို ရေးချိုးဖို့နေသာသာ လက်တောင်ဆေးဖို့ပျင်းကြတဲ့အချိန်။ဒါတွေ မလုပ်ချင်ကြဘူးပေါ့ဗျာ။ အချိန်လည်းမရကြဘူး။ စည်းစနစ်နဲ့တကွတစ်ကိုယ်ရေသန့်ရှင်းရေးကို ကြပ်ကြပ်မတ်မတ်လုပ်တာလည်းမရှိဘူး။ အဆင်ပြေသလိုပဲ။ မိတ်ဆွေတစ်ယောက်ပြောပြတာဆို ဝန်ထမ်းတစ်ယောက် အိမ်သာအသုံးပြုပြီး ပြန်ထွက်လာတာ လက်မှာရေတောင်ဆိုမလာဘူးတဲ့။

ဒီလိုပဲကြက်ဒိုင်တွေမှာဆိုလည်း မနက်စောစော ဖောက်သည်တွေကို ပိုရတော့ လည်လှီးတာတွေကိုလည်း ဖြစ်သလိုပဲ။ အစ္စလာမ်မှာ အလ္လာဟ်နာမည်တသပြီး လှီးဖြတ်တဲ့ အသားတွေကိုပဲ စားရတာ။ အဲ့မှာ မွတ်စ်လင်မဟုတ်သူတွေလှီးလို့လှီး။ လှီးပြီးသွားရင်လည်း ကိုယ်ထဲက ဘက်တီးရီးယားတွေကို သယ်ဆောင်တဲ့သွေးတွေ စနစ်တကျအကုန်ထွက်သွားပြီးမှ အမွေးနှုတ် သားရေစုပ်တာတွေလုပ်တာမဟုတ်ဘူး။ လှီးပြီးတာနဲ့ သွေးထွက်ဖို့အချိန်မပေးဘူး တန်းပြီး ရေနွေးထဲပစ်ထည့်လိုက်တယ်။ ပြီးရင် ဆိုင်က လည်လှီးကြက်တွေကို ဖြောထားတဲ့ ရေနွေးထဲမှာပဲ အပြင်ကဒီအတိုင်း ဟလာလ်မလုပ်ပဲ သေသွားတဲ့ ကြက်တွေဆိုလည်း အဲဒီတစ်ရေထဲမှာပဲ ရေနွေးဖြောပေးလိုက်တယ်။

အဲ့လိုပဲ အမဲသားတွေဆိုလည်း နွားသတ်ရုံမှာ ဘီယာတွေ အရက်တွေချပြီး လှီးလိုလှီး။ နယ်ကလာတဲ့ အသားတွေဆိုပိုးဆိုးတယ်။ ကားပေါ်မှာ နွားတွေကို ကျပ်သိပ်နေအောင်တင်ပြီး သယ်လာတယ်။ လမ်းခုလတ်မှာ အသက်ရှုကျပ်ပြီး၊ ဒါမှမဟုတ် နဂိုထဲက အနာရှိနေတဲ့ တစ်ကောင်ကောင် သေသွားရင် အဲဒီအကောင်ကို အသေသားမှန်းမသိရအောင် မြန်မြန်လေး လည်လှီးပြီး အသားပေါ်လိုက်တယ်။ နွားတစ်ကောင်တစ်ကောင် တန်ဖိုးက မနည်းမှမနည်းပဲ။ ဒီတော့ အရှုံးတော့မခံနိုင်ဘူး လူတွေရဲ့ ဗိုက်ထဲ ဟရာမ် မသန့်စာတွေ ဘေးဘယတွေ ဝင်ချင်ဝင်ပါစေ။

ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်ပစ်တာ။ ဒါကတော့ ကျွန်တော်တိုရဲ့ အစားစာတွေဆီကို မသန့်ပြန့်မှုတွေနဲ့ ဘေးအန္တရယ်တွေ အဖက်ဖက်ကနေ နည်းပေါင်းစုံနဲ့ ရောက်လာနိုင်တာတွေကို သတိထားဆင်ခြင်လိုရအောင်အနည်းငယ်မျှတင်ပြလိုက်ခြင်းဖြစ်ပါတယ်။

စသည်ဖြင့်အဲ့လိုမျိုး အကြောင်းအရာတွေ ကိုယ်ကျိုးရှာမှုတွေ လောဘသားတွေရဲ့ ယုတ်မာမှုတွေ စီစစ်ရေးအဖွဲ့တွေရဲ့ အားနည်းမှုတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ  တစ်ပုံတစ်ပင်ပါပဲ။

ဒီတော့ မည်သူမပြုမိမိမှုဆိုသလိုကျွန်တော်တိုရဲ့ အစားအစာဘေးဥပါဒ်ကင်းရေးနဲ့ ဟလာလ်အစားအစာသန့်သန့်စားရရေးအတွက် တာဝန်အရှိဆုံးကတော့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။

မိမိ မိသားစုနဲ့ ကလေးငယ်တွေ အတွက်လည်း မိမိအနေနဲ့ အမြဲကြည့်ရှုပေးနေဖိုနဲ့ အမြဲ သတိချပ်နေဖို့ အရေးကြီးလှပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံ ဘာသာရေးအကြီးအကဲတွေနဲ့ ဟလာလ်စီစစ်ရေးအဖွဲတွေ အနေနဲ့လည်း ခေတ်မှီစက်ကရိယာတွေနဲ့ ဟလာဟ်စီစစ်ရေးဓာတ်ခွဲခန်းတွေပြုလုပ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ဟလာလ်အစားအစာတွေ မွတ်စ်လင်မ်တွေ ဆီရောက်အောင် ဆောင်ရွက်ဖို့အရေးကြီးလိုအပ်ပါတယ်။ အခြားအာဆီယံအဖွဲဝင်နိုင်ငံများနည်းတူ အစိုးရရဲ့ကြီးကြပ်မှုနဲ့ တစ်ခုတည်းသော ဟလာလ်အသိမှတ်ပြုလွှာ (Halal Certification) ထုတ်ပေးသည့် ကော်မတီတစ်ရပ်လည်းလိုအပ်အကြောင်း တိုက်တွန်းလိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံ၏ ဟလာလ်အစားအစာလုပ်ငန်းတွင်ဝန်ကြီးအဆင့်ပါဝင်ထားရာ မြန်မာနိုင်ငံ အစ္စလာမ်ဘာသာရေးအဖွဲအစည်းတွေနဲ့ ညှိနှိင်းပြီး အာဆီယံနိုင်ငံများတစ်ပြေးညီဖြစ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
ဒါမှသာ ဟလာလ်အစားအစာနဲ့ အသိမှတ်ပြုလွှာတွေနဲ့ သားသတ်လိုင်စင်တွေကို အလွဲသုံးစားလုပ်ပြီး ကျွဲနွားမှောင်ခိုကူးတာတွေနဲ့ အခြား ဥပဒေနဲ့ ဆန့်ကျင်တဲ့လုပ်ငန်းတွေလုပ်ပြီး အကျိုးစီးပွားရှာနေသူများကို တရားဝင်အရေးယူနိုင်မှာဖြစ်ကြောင်း ဖော်ပြအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။